ဘားအံ မတ် ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင်ပရဟိတ ခေါင်းစဉ်ဖြင့် အသိ ပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ (၃:၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က လူငယ်များတွင် ပရဟိတစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များပရဟိတ လုပ်ငန်းအကြောင်းကိုသိရှိစေရန် အသိပညာပေး ဆွေးနွေးရခြင်းဖြစ်ကြောင်း Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘားအံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်က မြန်မာနိုင်ငံတွင် ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ၊ ဘားအံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့အား ရည်ရွယ်ချက်(၁)ခု၊ လုပ်ငန်းစဉ်(၃)ရပ်၊ အခြေခံမူ(၇)ချက်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ဖွဲ့ ၏ ပုံမှန်လုပ်ငန်းများအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကာကွယ်စောင့်ရှောက်ပေးမှုများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကုသရေးလုပ်ငန်းစဉ်များတွင် ဆောင်ရွက်ပေးနေမှု များ၊ အရေးပေါ်ထိခိုက်မှုများတွင် ကူညီဆောင်ရွက်ပေးမှုများနှင့် လူငယ်များအနေဖြင့် ပရဟိတလုပ်ငန်း အား နေ့စဉ်ဆောင်ရွက်နိုင်သကဲ့သို့ မိမိအားလပ်ချိန်တွင်အချိန်ပိုင်း ကူညီဆောင်ရွက်ပေးနိုင်သည့်အတွက် ပရဟိတလုပ်ငန်းကို ပါဝင်လုပ်ကိုင်ပေးကြစေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဘားအံမြို့နယ်တပ်ဖွဲ့ခွဲမှူး ဦးစောဝေယံလင်းထက်က ကြက်ခြေနီတပ်ဖွဲ့၏ ပုံမှန်လုပ်ငန်းများအပြင် သီးခြားလုပ်ငန်းများဖြစ်သည့် အားကစားပွဲများတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုများ၊ ရပ်ရွာ လူထုများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပေါက်ကွဲစေတက်သော အရာများကြောင့် ထိခိုက်ဒဏ်ရာ မရရှိစေရေးအတွက် ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေးဆောင်ရွက်မှုများ၊ ထိခိုက်မှုများ ဖြစ်ပေါ်လာပါက ချိတ်ဆက်ဆောင်ရွက်ပေးမှုများနှင့် လူငယ်များအနေဖြင့် မိမိလုပ်အားဖြင့် ရပ်ရွာအကျိုးကို ဆောင်ရွက်ပေးစေလိုကြောင်း၊ ပရဟိတလုပ်ငန်းကို မိမိတစ်ဦးတည်း ဆောင်ရွက်ပေးနိုင်သကဲ့သို့ အသင်း အဖွဲ့ဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ ပရဟိတလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။
ခရိုင်(ပြန်/ဆက်)