ဟိုင်းကြီးကျွန်းမြို့ ၌ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဟိုင်းကြီးကျွန်း မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊  ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်း သမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရေတပ်စခန်း ဒုတိယ ဌာနချုပ်မှူး ဗိုလ်မှူးကြီးကျော်ထင်နှင့် တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသော ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မင်္ဂလာဘိသေကပညာရှင် ဦးဝင်းရွှေဦးက  ဗုဒ္ဓဘိသေကမင်္ဂလာသြဘာ စာတမ်းကို ဖတ် ကြားခဲ့ပြီး  မင်္ဂလာအချိန်ကျရောက်သည်နှင့် တစ်ပြိုင်နက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း၊ ရေတပ်စခန်း ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီးကျော်ထင်နှင့် ဂေါပကအဖွဲ့ဝင် ဦးမြမောင်တို့မှ  ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး  ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  မင်္ဂလာမုဒ်ဦးအား အမွှေးနံ့သာ ပက်ဖြန်းခဲ့ကြ၍ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ  ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍  ဆီမီးပန်းရေချမ်းနှင့် အမွေးနံ့သာ တို့ကို လှူဒါန်းပူဇော်ခဲ့ကြသည်။  ၄င်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ဗုဒ္ဓဘိသေက အနေကဇာ တင်တော်မူသော ဆရာတော် အရှင်သူမြတ်များအား ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားသို့ ပင့်ဆောင်တော်မူပြီး ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ တက်ရောက်လာသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  အခမ်းအနား စတင်ဖွင့်လှစ်တော်မူခဲ့ပြီး မြို့နယ် သံဃနာယက ဆရာတော်ဘဒ္ဒန္တပညောဘာသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကြွရောက်တော်မူလာကြသော  ဆရာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။  ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မဟာဘိသေကပညာရှင်မှ မင်္ဂလာသြဘာစာတမ်း ဖတ်ကြားခဲ့ပါသည်။

ဆက်လက်ပြီး မြတ်မော်တင်စွန်းစေတီတော် ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများအား

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးမှလည်းကောင်း၊ အလှူရှင်တစ်ဦးမှလည်းကောင်း ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီများအား လူမှုရေးဝန်ကြီးမှလည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သုဇာတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနား အားရုပ်သိမ်းခဲ့သည်။ ၄င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ မင်္ဂလာရွှေမိုးရွာသွန်းပေးခဲ့ပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက်  ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီး တောင်ခြေတွင် ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင် ပူဇော်၍ ဖောင်တော်အား ရေမျှော ပူဇော်ခဲ့ကြကြောင်း သိရသည်။

နွေးနွေးအောင်ကြွယ်