ကော့သောင်း မတ်လ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ထောက်ပံ့မှုဖြင့် ကော့သောင်းခရိုင်အတွင်းရှိ မော်ကယ်(ဆလုံ)တိုင်းရင်းသားများအား ဖိုင်ဘာလှေနှင့် အိမ်သုံးဆိုလာပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက် အဆောက်အဦးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေးအပ်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားပြီး ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံ တိုင်းရင်းသား ကျေးရွာများဖြစ်သည့် မကြုံဂလက်ကျေးရွာနှင့် ညောင်ဝိကျေးရွာများမှ ဆလုံတိုင်းရင်းသားများအား ဖိုင်ဘာလှေများပေးအပ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အဆိုပါကျေးရွာများမှ ဆလုံတိုင်းရင်းသား အိမ်ထောင်စု များသို့ အိမ်သုံးဆိုလာပြားနှင့်ဆက်စပ်ပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် မော်ကယ်(ဆလုံ)တိုင်းရင်းသားများကိုယ်စား ဆလုံတိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပေးအပ်ပွဲ အခမ်းအနားအား ရုတ်သိမ်းလိုက်သည်။
အဆိုပါ ဖိုင်ဘာလှေနှင့် အိမ်သုံးဆိုလာပစ္စည်းများအား တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ထောက်ပံ့မှုဖြင့် တနင်္သာရီတိုင်းအတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များရှိ ဆလုံတိုင်းရင်းသားကျေးရွာများသို့ ယခု ဘဏ္ဍာရေးနှစ်အတွင်း တစ်စီးလျှင် ကျပ်(၃၉၆၀၀၀)တန်ဖိုးရှိ ဖိုင်ဘာလှေ စုစုပေါင်း(၂၂၆)စီး ပေးအပ်သွားမည်ဖြစ်ရာ ယနေ့ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားကျေးရွာများ အတွက် ဖိုင်ဘာလှေ (၁၀၀)စီး နှင့် တစ်စုံလျှင်ကျပ်(၂၇၀၀၀၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်း (၁၄၁)စုံအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ တောင်ဖက်စွန်းဒေသများရှိ ရှားပါးလူသားမျိုးနွယ်စုတစ်မျိုးဖြစ်သည့် ပင်လယ်ပျော် မောကယ်(ခ)ဆလုံတိုင်းရင်းသားမိသားစုများသည် ပင်လယ်ကျွန်းများတွင် ကျက်စားနေထိုင် ကြရာ ၎င်းတို့၏နေ့စဉ်လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုကိစ္စများတွင် လှေသည်မရှိ မဖြစ်အဓိက အခန်းကဏ္ဍမှ အရေးကြီးသည့် အသုံးအဆောင်ဖြစ်ကြောင်း၊ ဆလုံလူများများ၏ ရိုးရာအသက်မွေးမှု လှေမှာသစ်သားဖြင့် ထွင်းထုပြုလုပ်အသုံးပြုကြရာ သစ်သားဆွေးမြေ့မှု ကြောင့်တာရှည်သုံးစွဲရာတွင် အခက်အခဲများ ဖြစ်ပေါ်လေ့ရှိသဖြင့် (၁၀)နှစ်ခန့် တာရှည်အသုံးခံမည့် ဖိုင်ဘာနည်းပညာဖြင့် ပြုလုပ်ထားသည့်လှေအား ယခုကဲ့သို ့ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ လာမည့် ၂၀၂၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တွင်လည်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းအတွင်းရှိ ဆလုံတိုင်းရင်းသားများအား ဖိုင်ဘာလှေများ ထပ်မံ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ စီးပွားရေး ရာဝန်ကြီး ဦးမောင်ကြီး ၏ပြောကြားချက်အရ သိရသည်။
ကျော်စိုး(ကော့သောင်း)