မြန်အောင်မြို့ နေခြည်ဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မြန်အောင် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မ နေခြည်ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေများအား ယမန်နံနက် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးမောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုသူနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင် မြို့မနေခြည်ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အရေးပေါ် မီးငြိမ်းသတ်နိုင်ရန် စက်ရေတွင်း(၂)တွင်း ရေပေးဝေရေးအတွက် ဂါလန် ၂၆၀၀ ဆံ့ ရေစင်တစ်ခု၊ ဂါလံ ၇၄၀၀ ဆံ့မြေအောက်ရေကန် ၂ ခုတို့မှ ဈေးပတ်လည်တွင် မီးသတ်ရေပိုက်ဂေါင်း Fire Hydrants (၆)ခုဖြင့် အရေးပေါ်မီးငြိမ်းသတ်ရာတွင် ရေပေးဝေနိုင်ရန် ဆောင်ရွက်ထားရှိပြီး၊ အပေါ့စား မီးသတ်စက် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိ လျက်ရှိရာ အဆိုပါရေပေးဝေရေးစနစ်နှင့် ရေစက်များကောင်းမွန်ကြံ့ခိုင်မှုရှိရေးနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ စစ်ဆေးအကြံပြုချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဈေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန် ရှိသူများက ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းဇော်ထွန်း(မြို့နယ်ပြန်ဆက်)