မြို့သစ်မြို့နယ်၌ ဖီးခြမ်းငှက်ပျော စိုက်ပျိုးသောတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းများ အဆင်ပြေ

မြို့သစ်  မတ်  ၁ဝ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြေအောက်ရေကို အကျိုးရှိစွာအသုံးချ၍ ဖီးခြမ်းငှက်ပျော စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဖီးခြမ်းငှက်ပျောတစ်ဖီးလျှင် ငွေကျပ် ၁၂၀၀ ဖြင့် ရောင်းချရ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း မြို့သစ်မြို့နယ်မှ ဖီးခြမ်းငှက်ပျောစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှသိရသည်။

ဖီးခြမ်းငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းသည် ပျိုးပင်ဝယ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်စိုက်ပျိုးပါက အနည်းဆုံး တစ်နှစ်ခန့်အကြာတွင် အသီးများ စတင်ဆွတ်ခူးရောင်းချရကြောင်း၊ စိုက်ပျိုးရာတွင်လည်း ပင်ခြားအနေဖြင့် ၅ ပေပတ်လည်ခန့်ခွာ၍ စိုက်ပျိုးရကြောင်း၊ သို့မှသာ အပင်များ ကြီးထွားဖွံ့ဖြိုးလာချိန် တွင်လည်း အပင်ထိခိုက်မှုမရှိကြောင်းနှင့် အသီးအပွင့်များပိုမိုရရှိကာ အောင်မြင်ဖြစ်ထွန်းစေနိုင်ကြောင်း၊ အပင်ပြုစုမှုအပေါ်မူတည်ပြီး (၂)ရက်ခြား တစ်ကြိမ်လျှင် ဖီးခြမ်းငှက်ပျောများကို ခူးဆွတ်ရောင်းချ ရကြောင်း သိရသည်။

“ကျွန်တော်က မြို့သစ်မြို့နယ်မှာ ဖီးခြမ်းငှက်ပျောကို  စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်တဲ့ တောင်သူ တစ်ဦးဖြစ်ပါတယ်။ ဖီးခြမ်းငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို မြေအောက်ရေနဲ့ စိုက်ပျိုးတာဖြစ်ပြီး စိုက်နည်းစနစ်ကတော့ ပျိုးပင်ဝယ်ပြီး စိုက်ပျိုးတာဖြစ်ပါတယ်။ ဖီးခြမ်းငှက်ပျောအပင်ရေ ၃၀၀ ကျော် စိုက်ပျိုးထားပါတယ်။ လက်ရှိမှာတော့ ဖီးခြမ်းငှက်ပျောခြံက မဆွတ်ရသေးပါဘူး၊ ပြီးခဲ့တဲ့နှစ်က စိုက်ထားတဲ့ ဖီးခြမ်းငှက်ပျောက တစ်ဖီးကို ငွေကျပ် ၁၂၀၀ နဲ့ ရောင်းရပါတယ်။ ဒီနှစ်တော့ စိုက်ပျိုးစရိတ်နဲ့ အလုပ်သမားငှားရမ်းခစရိတ်တွေ အကုန်အကျများတော့ တစ်ဖီးကို ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချရမှ အဆင်ပြေမယ်ထင်တယ်။ ဖီးခြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းက ခုလို စိုက်ပျိုးရေး နည်းပညာ တိုးတက်လာတဲ့ခေတ်မှာ စနစ်တကျစိုက်ပျိုးမယ်ဆိုရင် တောင်သူတွေအတွက် တွက်ခြေကိုက် ပါတယ်  ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးရေလည်း အဆင်ပြေတဲ့အတွက် အခြားတာင်သူ တွေကိုလည်း စိုက်ပျိုးလုပ်ကိုင်စေချင်ပါတယ်”ဟု မြို့သစ်မြို့နယ်မှ ဖီးခြမ်းငှက်ပျော စီးပွားဖြစ် စိုက်ပျိုးသူ တစ်ဦးကပြောသည်။

သန်းဝင်းထွန်း(ပြန်ဆက်)