ဒေးဒရဲ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာနှင့် ဝန်ထမ်းများက လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲနိုင်မည့် နည်းလမ်းများအား ပြည်သူများ သိရှိစေရေး အသိပညာပေး ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များတွင် မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် သိရှိလိုက်နာရမည့် အချက်များ ဖြစ်သော မီးပူတိုက်နေစဉ် တစ်ခုခုလုပ်ရန် ခေတ္တထသွားပါက မီးပူခလုတ်ကို ပိတ်ခဲ့ခြင်း၊ ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ်အသုံးပြုရန်၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်ပြည့် ပန်ကာကို ဆက်တိုက်ဖွင့်ထားခြင်း မပြုလုပ်ရန်၊ တီဗီကို အမှန်တကယ် ကြည့်မည့်အချိန်၌သာဖွင့်၍ ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကို မပြုလုပ်ရန်၊ အိမ်အပြင်တွင် ထွန်းထားသော မီးများကို နေ့အလင်းရောင် ရရှိချိန်တွင် မီးပိတ်ထားရန် စသည့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ပိုစတာများ စိုက်ထူပြသထားပြီး လမ်းသွား လမ်းလာ ခရီးသွား ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ရွှေဒေးသူ