ဟိုင်းကြီးကျွန်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနော်ရထာ လမ်းအား ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုင်းကြီးကျွန်း မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၂) ရပ်ကွက်၊ အနော်ရထာလမ်းအား  ကတ္တရာ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်  နှင့် ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဒုတိယဌာနချုပ်မှူး  ဗိုလ်မှူးကြီးကျော်ထင်  တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ဟိုင်းကြီးကျွန်းမြို့  စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်ဆန်းက အနော်ရထာလမ်းမှာ(၁၅၃၀)ပေရှည် လျားပြီး  ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်တွင်  (၁၀.၂) သန်း ဖြင့်ဆောင်ရွက်ခဲ့ပြီး ကျန်အပိုင်းအား ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လ ထိ(၆)လတာ ကာလတွင် ခွင့်ပြုရန်ပုံငွေ (၁၄.၇)သန်းဖြင့် ကတ္တရာလမ်းအဖြစ် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း၊ လမ်းများ ကောင်းမွန်လာသည်နှင့်အညီ ဒေသခံပြည်သူများ၏ ကျန်းမာရေး ပညာရေး၊ စီးပွားရေး လုပ်ငန်းများ ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းနှင့် လမ်းရေရှည် ကောင်းမွန် စေရေး  ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

၄င်းနောက် ရပ်မိရပ်ဖတစ်ဦးဖြစ်သော ဦးကျင်ထွေးက  ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွေးနွေးအောင်ကြွယ်