သဲကုန်း မြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနက ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထား

သဲကုန်း မတ် ၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်းနှင့် လာမည့် ဇွန်လတွင် မြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေး အတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးရန် သဲကုန်းမြို့နယ်သစ်တော ဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်တွင် လူထုဖြန့်ဝေရန် ကျွန်း(၉၀၀၀)၊ ပိတောက်(၅၀)၊ စိန်ပန်းကြီးအနီ(၅၀)၊ ရေတမာ(၁၉၀၀)၊ မြန်မာကုက္ကို(၅၀)၊ ကုလားကုက္ကို(၅၀)၊ ဗန်ဒါ(၅၀)၊ ပျဉ်းကတိုး(၂၅၅၀)၊ မန်ဂျန်ရှား(၄၀၀၀)၊ ယူကလစ်(၇၀၀၀)၊ ကသစ်(၃၀၀) စုစုပေါင်း ပျိုးပင်(၂၅၀၀၀) ပျိုးထောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးချစ်ကိုကို ထံမှသိရသည်။

အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင် (၂၅၀၀၀)အနက်မှ ရှားပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၅၁)တွင် သစ်ပင်စိုက်ပွဲတော်အတွက် ယူကလစ်၊ မန်ဂျန်ရှား၊ ရေတမာ၊ စိန်ပန်းကြီး(အနီ) စုစုပေါင်း (၃၆၀)ပင် လျာထားကြောင်းနှင့် တရုတ်မှော်ကြိုးဝိုင်း အကွက်အမှတ်(၉) တွင် ကျေးရွာပိုင် ထင်းစိုက်ခင်းဧက(၁၀၀) အတွက် ယူကလစ်ပင် (၁၄၅၂၀၀) ပင် စိုက်ပျိုးပြုစုထားရှိကြောင်း မြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။

ဝင့်နန္ဒာဌေး