လက်ပံတန်း မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် ယမန်နေ့မှစတင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာ အရောက် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက လက်ပံတန်းမြို့နယ် ချမ်းသာကုန်း ကျေးရွာအုပ်စုသို့ ကွင်းဆင်းပြီး အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများနှင့် သက်ကြီး ဘိုးဘွားများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကင်းဝေးစေရန် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်၍ ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်နှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေး အတွက် မိုဘိုင်းစနစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ထိုးနှံပေးခြင်းကို မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ထင်ဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့(၁၀)ဖွဲ့ခွဲ၍ ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)