မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေးမြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းအား မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (pilot project) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး မတ်  ၉

မကွေးတိုင်းဒေသကြီးအတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မကွေးမြို့နယ် ၏ အခြေခံမဲဆန္ဒရှင်စာရင်းအား မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက် (pilot project) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးအောင်လွင်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် (pilot project)တွင် ပါဝင်ဆောင်ရွက်မည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၃၁၁)ဦး တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယခု ဖွင့်လှစ်သည့် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေးစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ် ငန်းစဉ်(၅)ရပ်အနက် အမှတ်စဉ်(၁)ဖြစ်သည့် မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး၊ အမှတ်စဉ်(၅)ဖြစ် သည့် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် များနှင့်အညီ နိုင်ငံသားတိုင်း ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိရာ နိုင်ငံသားများသည် ဥပေးနှင့်အညီ မဲပေးရမည်ဖြစ်ကြောင်း၊ ယခုမဲစာရင်းများ ပြုစုရေးအတွက် ကြိုတင်ဆောင်ရွက်သည့် နေရာတွင် မဲစာရင်းနှင့်ပတ်သက်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိရေး ဥပဒေနှင့်အညီ ပါဝင်ရမည့်သူများ ပါဝင်ခွင့်ရရှိပြီး မပါဝင်သင့်သူများ မပါဝင်စေရေး မဲပေးပိုင်ခွင့် ရှိသူများ မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမနေစေရေးတို့ကို အထူးအလေးထားကာ မြို့နယ်အလိုက်  အခြေခံ မဲဆန္ဒရှင်စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆)အပေါ် အခြေခံပြီး ပြုစုလျက်ရှိပြီး၊ မကွေးတိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာဌာနများ၏ အကူအညီဖြင့် မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင် စာရင်းများလည်း ရိုက်နှိပ်ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ပြုစုပြီးဖြစ်သည့် မဲစာရင်းများကို  ပထမဆုံးမကွေးမြို့နယ်၏ မြေပြင် လူဦး ရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသည့် ရှေ့ပြေး လုပ်ငန်းစီမံချက်(pilot project) ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု အပြည့်ဖြင့် စစ်မှန်သည့် စည်းကမ်းပြည့်ဝသော ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံ့ဝန်ထမ်းများ အားလုံး အမျိုးသားရေး တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် သွားကြဘို့လိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်လွင်ဦးက ရှေ့ပြေးလုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မကွေးတိုင်းဒေသ ကြီးတာဝန်ခံ) ဦးအောင်လွင်ဦးနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ က မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ပါ လုပ်ငန်းအဖွဲ့များ၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြ သည်။

အဆိုပါ လုပ်ငန်းအဖွဲ့များ အနေဖြင့် မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၁)အုပ်စုရှိ လူဦးရေ (၂၆၂၇၅၆)ဦး၏ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာနည်းပညာကို အသုံးပြု၍ အပြန်အလှန် စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ