ပခုက္ကူ မတ် ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ သာသနာ့နွယ်ဝင် ရဟန်းသံဃာတော်များ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်များနှင့် အလုပ်သမားများ၊ အခြားဒေသခံပြည်သူလူထုအားလုံးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက် အစည်းအဝေးကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးစီးမှုအခြေအနေများနှင့် ရောဂါရှာ ဖွေတွေ့ရှိမှု အခြေအနေများ၊ ဆက်လက်ထိုးနှံပေးမည့်အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေအနေများ အကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ စိတ်အေးချမ်းသာစွာ ပူးပေါင်းပါဝင်ပေးနိုင်ရေး လုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအလိုက် ဒေသတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံရန်ကျန်ရှိသည့် အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပြီးသူ (၉၁၁၃၁)ဦး၊ နှစ်ကြိမ်လုံး အပြည့်အဝထိုးနှံပြီးသူ (၇၄၂၃၇)ဦးရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းမရှိ သေးသည့် ပြည်သူများအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား ဆေးထိုးစုရပ်(၇)ခု ဖြင့်လည်းကောင်း၊ ကျေးရွာနေပြည်သူများအား ဆေးထိုးအဖွဲ့(၁၄)ဖွဲ့ဖြင့်လည်းကောင်း အခမဲ့ ကွင်းဆင်း ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)