ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပီလောပီနံဥ ဈေးကောင်းရရှိသောကြောင့် ပီးလောပီနံစိုက်သူများ အဆင်ပြေ

ကြာအင်းဆိပ်ကြီး မတ် ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ မြေဆီမြေလွှာများနှင့် ရာသီဥတု အခြေအနေအရ ပီလောပီနံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ပီလောပီနံဥများ ဈေးနှုန်းကောင်းမွန်မှုကြောင့် ပီလောပီနံ စိုက်ပျိုးတောင်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ယခုနှစ်တွင် ပီလောပီနံဥကို ပါးပါးခုတ်လှီးပြီး အခြောက်လှမ်း၍ အဆိုပါ ပီလောပီနံဥ အခြောက်တစ်ကီလိုလျင် ငွေကျပ် (၂၅၀)ကျပ်မှ (၂၇၅)ကျပ် အထိရရှိကြောင်း ကုန်သည်များမှ လာရောက်ဝယ်ယူလျက်ရှိပြီး ၎င်းပီလေပီနံဥများကို မြဝတီမြို့ ကုန်သွယ်ရေးဇုံမှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ဈေးနှုန်းကောင်းရရှိသဖြင့် ပီလောပီနံပင် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများဝင်ငွေပိုမိုရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပီလောပီနံပင်အား စိုက်ပျိုးရာတွင် တောင်ယာမြေများခုတ်ထွင်ရှင်းလင်း၍ ဧပြီလတွင် စတင်စိုက်ပျိုးကြောင်း မျိုးပင်တစ်ပင်ကို ငွေကျပ်(၇၅)ကျပ်မှ(၁၀၀)ကျပ်အထိ ဝယ်ယူရရှိပြီး မျိုးပင်တစ်ပင်လျှင် လေးပိုင်းဖြတ်ပြီး လေးပင်စိုက်ပျိုးနိုင်ကြောင်း အပင်မြောင်းတစ်မြောင်းလျင် သုံးပေခြားနှင့် တစ်ပင်နှင့်တစ်ပင်နှစ်ပေခြားပြီးစိုက်ပျိုးရကြောင်း ပီလောပီနံဥများကို နောင်နှစ်ဖေဖေါ်ဝါရီပထမအပတ်မှ စတင်ကာ တူးဖော်လုပ်ကိုင်ပြီး စိုက်ဧက တစ်ဧကလျင် အချိန် ကီလို(၅၀၀၀)ခန့်  တန်ချိန်(၅)တန်ခန့်ထွက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး