စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ကျေးလက်နေ ပြည်သူများအား တတိယနေ့ ဆေးထိုး အဖွဲ့(၁၀)ဖွဲ့ဖြင့် ကွင်းဆင်းထိုးနှံပေး

စလင်း  မတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျေးလက်နေ ပြည်သူများအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ဖြင့် ကျေးရွာအရောက် တတိယနေ့အဖြစ် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများထံသို့ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ခွဲကာ စလင်းမြို့နယ် ကန်ပြားကျေးရွာအုပ်စု၊ သစ်ခေါက်တောင်ကျေးရွာအုပ်စု၊ ကန်လျောက်ကျေးရွာအုပ်စု၊ သရက်တော ကျေးရွာအုပ်စု၊ ကျုံးကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျေးလက်နေ ဘိုးဘွားများနှင့် တောင်သူဦးကြီးများကို ကျန်းမာရေးများ စစ်ဆေးပြီး ကာကွယ် ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဌာနဆိုင်ရာအဆင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြပြီး ကျေးရွာရှိ ဒေသခံပြည်သူများ ကာကွယ်ဆေး အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ရပ်ကျေးစာရေးဝန်ထမ်းများနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး အပြည့်အဝ လွှမ်းခြုံစွာထိုးနှံပြီးစီးရေးအတွက် ထိုးနှံလျက်ရှိရာ ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ဆက်လက် ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ပြီး ယနေ့ တတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေးရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ထံမှ သိရသည်။

မောင်လွင်(စလင်း)