ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာသို့ အိမ်တိုင်ရာရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပန်းခင်း စီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဦး မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအတွင်း စုရပ်ပြုလုပ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပန်းခင်းစီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများမှ နိုင်ငံသားကတ် ကိုင်ဆောင်ခွင့်ရှိသူတိုင်း နိုင်ငံသားကတ် ကိုင်ဆောင်နိုင်စေရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း မလုပ်ရသေးသူ ပြည်သူများ အဆင်ပြေစေရေး အတွက် ခင်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စုရပ်ပြုလုပ်ပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် မြို့နယ် ပြည်သူ့ဆေးရုံ ဆေးထိုးအဖွဲ့မှ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို  ပြည်သူ့ဆေးရုံတွင် နေ့စဉ်ဆောင်ရွက် ပေးနေသော်လည်း ယမန်နေ့ နေ့လယ်ပိုင်းက ပန်းခင်းစီမံချက်ကွင်းဆင်း ဆောင်ရွက် ပေးနေသည့် ခင်မွန်ကျေးရွာသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့   ရဲမှူးမြင့်သောင်း၊ လဝက မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်တို့ လိုက်ပါပြီး ခင်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးစုရပ်သို့ လာရောက်ဆေးထိုးသူ နိုင်ငံသားကတ် လာလုပ်ကိုင်သူ နည်းပါး နေသောကြောင့် ခင်မွန်ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြရန်၊ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ပြုလုပ် ဆောင်ရွက်ပေးနေသည့် နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားကတ်များ စုရပ်သို့ လာရောက်ပြုလုပ်ကြရန် မလာရောက်နိုင်သည့် သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ပြုလုပ်ပေးခြင်း၊ စည်းရုံးဆော်သြ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ချောင်းဦးမြို့နယ်တွင် ပန်းခင်းစီမံချက်ကို ရာခိုင်နှူန်းပြည့်မီအောင် ကျိုးစားဆောင်ရွက် နေကြသော် လည်း ယခုအခါ ၅၉.၀၃ ရာခိုင်နှူန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်၏ ပြောကြားချက်အရ သိရသည်။

ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် လူဦးရေ ၉၀၉၆၃ ဦးရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၇၀၄၂ ဦးရှိ၍ ၁၈.၇၃ ရာခိုင်နှူန်း ထိုးနှံပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)