ဒေးဒရဲမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၂၀၀၀၀ ကျော် ပျိုးထောင်ထားရှိ

ဒေးဒရဲ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေရေး၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေး၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအနေဖြင့် ပျိုးပင်များ အခမဲ့ရယူ စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ချောင်းဖျားကျေးရွာရှိ လူထုဖြန့် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၂၀၀၀၀ ‌ကျော်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါ လူထုဖြန့် ပျိုးဥယျာဉ်တွင် ပျိုးပင်များအား ပျိုးထောင်ထားရခြင်းနှင့်ပတ်သက်၍ မြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးဇော်မျိုးထက်က ဒေးဒရဲမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်မှုအား ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မန်ဂျန်ရှား (၁၈၅၀၀)ပင်၊ မာလာလူးကား (၂၀၀၀)ပင်၊ ယူကလစ် (၁၀၀၀)ပင်နှင့် ကျွန်း (၂၀၀၀)ပင် စုစုပေါင်း (၂၃၅၀၀)ပင် ပျိုးထောင်ထားပါကြောင်း၊ ပျိုးပင်များအား အထိမ်းအမှတ်နေ့များတွင် ရပ်ကွက်၊ ကျေးရွာများ၌ စိုက်ပျိုးပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် အဖွဲ့အစည်းများသို့ လာမည့် ဇွန်လ ပထမပတ်၌ ပျိုးပင်များအား အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်၍ မြို့နယ်သစ်တောဦးစီးဌာနသို့ လာရောက်၍ ပျိုးပင်များအား အခမဲ့ ထုတ်ယူနိုင်ကြောင်း ပြောကြားခဲ့သည်။

ရွှေဒေးသူ