ငဖဲမြို့နယ်အတွင်းရှိ ဝေးလံခေါင်သီသော တောင်ပေါ်ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

ငဖဲ မတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသကျေးရွာများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံ ရသေးသော အရှိုချင်းတိုင်းရင်းသား/တိုင်းရင်းသူ ပြည်သူများအား ကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအုန်းဝင်းတို့၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကာကွယ်ဆေးထိုးစုရပ်(၃)နေရာခွဲ၍ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင် ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက မင်းလွင် ကျေးရွာအုပ်စု ရေဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်စိုးနှင့် ကျန်းမာရေး ဝန်ထမ်းများက ဘို့ကျေးရွာတွင် လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးဝဏ္ဏကျော်နှင့် ကျန်းမာရေး ဝန်ထမ်းများက လောက်ပုလဲကျေးရွာ စာသင်ကျောင်းတွင် လည်းကောင်း ကာကွယ်ဆေး ထိုးစုရပ် နေရာပြုလုပ်၍  ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးနှံရသေးသော ဒေသခံပြည်သူများနှင့် သက်ကြီး ဘိုးဘွားများအား ကွင်းဆင်းထိုးနှံပေးခဲ့ရာ စုစုပေါင်း ကာကွယ်ဆေးထိုးနှံသော တိုင်းရင်းသားပြည်သူ (၃၃၀)ဦးရှိကြောင်း သိရသည်။

ဆက်လက်ပြီး ကျေးရွာများအရောက် ကာကွယ်ဆေးထိုးအဖွဲ့ ၃ ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ လိုက်လံထိုးနှံပေး သွားမည် ဖြစ်သည်။

မယု (ငဖဲ)