ဟင်္သာတမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

ဟင်္သာတ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ခရိုင်၊ ဟင်္သာတမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က အိပ်ပျက်ကျေးရွာအုပ်စု အလယ်စုရွာတွင် ကတ်ပြားများ ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊  လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူ များအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ မူလဒေသတွင်  အိမ်ထောင်စုလူဦးရေ  စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက်  မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့်    ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ကတ်ပြားပေးအပ်ပွဲ တွင် အိမ်ထောင်စု လူဦးရေစာရင်း မရှိသော အိမ်‌ထောင်စု(၃၅)စုတို့အား အိမ်ထောင်စုလူဦး‌ ရေစာရင်းဇယားများ ပြုလုပ်ပေးခဲ့ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျား(၁၂၀)ဦး၊ မ(၁၀၅)ဦး၊ စုစုပေါင်း (၂၂၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တိုက်နယ်မှူး ဦးသန့်ဇင်ထွန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ရပ်မိရပ်ဖတို့အား ပေးအပ်ခဲ့ပြီး ပြည်သူတစ်ဦးချင်းစီ အား တာဝန်ရှိသူများက ဆက်လက်ပေးအပ်ခဲ့​သည်။

ဟင်္သာတမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ အထိ အိမ်ထောင်စု ၄၆၈၄ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၅၇၅ ဦးကို ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် လဝကမှူး ဦးမျိုးဝင်းအောင်ထံမှ သိရသည်။

ကိုဇော် - ဟင်္သာတ