ရွှေသောင်ယံမြို့၊ အ.မ.က(၁၉၂) သဲကုန်းကျောင်းတွင် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲများပြုလုပ်

ရွှေသောင်ယံ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.မ.က(၁၉၂) သဲကုန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲများပြုလုပ်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ‌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်မှ ကလေးများအား စာပေ၊ ဗဟုသုတပြည့်စုံစေရန်အတွက် စာဖတ်ခြင်းဖြင့် ကြီးမြတ်သော လူမျိုးခေါင်းစဉ်ဖြင့် ဟောပြောပေးရာ ကလေးများမှ စိတ်ဝင်တစား နားထောင်ခဲ့ကြသည်။ ဆက်လက်၍ နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြသ‌ပေးရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့‌နောက် ဆေးရောင်ခြယ်ပြိုင်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ (Grade-2)မှ ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ပုံဆွဲနိုင်သူ ကလေးများအား ပြန်/ဆက်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ဆုများအသီးသီး‌ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်