ကျိုက်လတ် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံး သူများ၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမှတ် (၅) ရပ်ကွက်၊ ရွာလယ်သိမ်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အသက် ၁၈ နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် လှည်းဆိပ်ကျေးရွာအုပ်စုတို့မှ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက် ပြည်သူ(၁၆၅)ဦးအား ပထမအကြိမ် ကာကွယ်ဆေးအဖြစ် Covishield ဆေး များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးရဲမင်း၊ ဦးစိန်မြင့် တို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့် အညီ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်