ဒေးဒရဲ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အကယ်ကြီးကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် တာဝန်ခံနည်းစနစ်မှူး ဦးအောင်ဇော်သက်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက် လာပြီး ကျန်းမာရေးကောင်းမွန်သော လူမှုအဖွဲ့အစည်းများ တည်ဆောက်နိုင်စေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအား ကျေးရွာ စာသင်ကျောင်းများအရောက် ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အားကစားပစ္စည်းများအား အ.ထ.က (အကယ်ကြီး)ကျောင်းရှိ တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ ကိုယ်ကာယ လေ့ကျင့်ခန်း သရုပ်ပြအကများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေဒေးသူ