ပိုင်ကျုံ မတ် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပေါက်လောက်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးနိုင်ရေးနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည့် ကလေး အလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် အလုပ်လုပ်သောကလေးများ အနေဖြင့် ပညာရေးနှင့်သက်မွေးပညာ ကျောင်းများတွင် တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက် ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဒေါနမြေလက်ကမ်းစာစောင်ကို ထုတ်ဝေခဲ့သည်။
၎င်းဒေါနမြေလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ ကိုဗစ်-၁၉ကာလ ကလေးအလုပ် သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်(၃)ရပ်စသည့် ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး