လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ကော်မတီဝင်များအား တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်

လေးမျက်နှာ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ကညင်တိုင်းကျေးရွာအုပ်စု ကညင်တိုင်းကျေးရွာနှင့် မိုးကုတ်ကျေးရွာအုပ်စု အောက်စုကျေးရွာတို့တွင် ယနေ့နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးကျော်သူနှင့်အဖွဲ့မှ မြစိမ်းရောင်စီမံကိန်းစာရင်းဇယားများ စစ်ဆေးခြင်း၊ မြစိမ်းရောင်ချေးငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ကော်မတီဝင်များအား တွေ့ဆုံဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူနှင့်အဖွဲ့သည် ကညင်တိုင်းကျေးရွာအုပ်စု ကညင်တိုင်းကျေးရွာနှင့် မိုးကုတ်ကျေးရွာ အုပ်စု အောက်စုကျေးရွာတို့ရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော စာရင်းဇယားများ တိကျမှန်ကန်မှုရှိမရှိစစ်ဆေးခြင်း၊ မြစိမ်းရောင်ချေးငွေဖြင့် ဆောင်ရွက်လျှက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရေရှည်တိုးတက်လာမှုများစစ်ဆေးခြင်းနှင့် မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များအား စီမံကိန်းနှင့်ပတ်သက်သည့်လုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာသူ ကျေးရွာသားများဦးဆောင်မှုဖြင့် ကျေးရွာများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ရေးဆွဲပြီးဆောင်ရွက်လျက်ရာ ကျေးရွာနေပြည်သူများ၏ လူမှုဘဝ နေထိုင်ရေးအတွက် များစွာအထောက်အကူပြုလျှက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)