ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ကျောင်းကုန်း မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ယခုမတ်လကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးစေရန် ဌာနဆိုင်ရာအကြီးအကဲများက အဖွဲ့(၅)ဖွဲ့ဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၅)အုပ်စုရှိရာ အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ယခုလကုန်တွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကျန်းမာရေးဌာန(RHC) နယ်မြေအလိုက် ဌာနဆိုင်ရာအကြီးအကဲများက အဖွဲ့(၅)ဖွဲ့ခွဲကာ လိုက်လံကြီးကြပ်‌လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (omicron) ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၃၅၄)ဦးရှိပြီး၊ ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင် (၁၅)ဦးနှင့် ဝက်ချောင်းတိုက်နယ်ဆေးရုံတွင် (၅)ဦး၊ စုစုပေါင်း (၂၀)ဦး ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်းနှင့် နေအိမ် Home Isolation ထားရှိသူ (၂၇)ဦး၊ နေအိမ် Home Isolation ပြီးမြောက်သူ (၃၀၆)ဦးရှိပြီး၊ သေဆုံးသူ (၁)ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ဝင်းကြိုင်