ကျောက်တံခါးမြို့နယ်၌ စားသုံးဆီ နေကြာအပါအဝင် အခြားဆီထွက်သီးနှံဧက ၁၀၀၀ ကျော် စိုက်ပျိုး ထားရှိ

ကျောက်တံခါး    မတ်   ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိကျေးရွာအုပ်စုများမှ ဆောင်းသီးနှံ စိုက်ပျိုးသည့် တောင်သူများသည် ယခုနှစ်တွင် စားသုံးဆီနေကြာအပါအဝင် အခြားဆီထွက် သီးနှံ(၁၉၄၅) ဧကကို မြေအမျိုးအစားပေါ်မူတည်၍ ခွဲခြားစိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်သူများအနေဖြင့် ဆီထွက်သီးနှံ နေကြာကို အခြားဆောင်းသီးနှံပဲမျိုးစုံ စိုက်ခင်းများအတွင်း သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင်၊ သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း မြို့နယ်အတွင်း ဆောင်းသီးနှံနေကြာ စိုက်ပျိုးနိုင်ရန်အတွက် ဆင်း‌ရွှေကြာ-၂နေကြာမျိုးစေ့(၂၁၂.၅) တင်းနှင့်မြေဩဇာ ၅၀ ကီလိုအိတ် (၁၀၆.၂၅)အိတ်ကို တောင်သူ များထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။‌

ကျောက်တံခါးမြို့နယ်အနေဖြင့် ယခုနှစ်တွင် ဆောင်းရာသီ ဆီထွက်သီးနှံအနေဖြင့် နှမ်း(၄၂၉) ဧက၊ မြေပဲ(၆၅၃)ဧက၊ နေကြာသီးထပ်သီးညှပ်(၈၅၀)ဧကနှင့် နေကြာသီးသန့်(၁၃)ဧက စုစုပေါင်း ဆီထွက် သီးနှံ(၁၉၄၅)ဧကကို ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားရှိကြောင်းနှင့် လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားသုံးဆီနေကြာကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စန်းစန်း(ပြန်/ဆက်)