ကန့်ဘလူ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ(မြေထူးမြို့ဟောင်း)ရှိ ရှေးဟောင်း သမိုင်းဝင် ရွှေဂူမြင့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၁၀ ရက်မှ လပြည့်နေ့အထိ (မတ် ၁၁ ရက်မှ ၁၆ ထိ) အစဉ်အလာမပျက် ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းမျှသာကျင်းပ သွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့ထံမှ သိရသည်။
အထက်အညာဒေသ မူးမြစ်ဝှမ်းတွင် စျေးပွဲတော်အဖြစ် ကျော်ကြားထင်ရှားသော ရွှေဂူမြင့်စေတီ တော်(မြေထူးမြို့ဟောင်း) ဘုရားပွဲတော်သို့ အမြို့မြို့အနယ်နယ် အရပ်တို့မှ ကုန်ရောင်းကုန်ဝယ် စျေးသည်များ၊ ဘုရားဖူးပြည်သူများ အထူးစည်ကားသော အညာဒေသ ဘုရားပွဲတော်ကြီးအဖြစ် ထင်ရှားသော ပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။
မြေထူးဘုရားပွဲတွင် အညာဒေသထွက်ကုန် ကောက်ပဲသီးနှံပဲမျိုးစုံနှင့် တောင်သူလယ်သမားသုံး ပစ္စည်းများ၊ မီးဖိုချောင်သုံး သံထည်ပစ္စည်းများ၊ နှီးဖြင့်ပြုလုပ်ထားသော ဖျာ၊ တင်းတောင်း စသည့်ပစ္စည်းများ၊ စဉ့်ထည်အမျိုးမျိုး၊ ကျောက်ဖြင့်ပြုလုပ်သော ကျောက်ပျဉ်၊ ငရုတ်ဆုံ စသည့် ပစ္စည်းများ၊ ရက်ကန်းထွက်ချည် ထည်များကို အရပ်ရပ်က စျေးရောင်းစျေးဝယ်တို့သည် မူးမြစ်ကြောင်း လှေ၊ သဗ္ဗာန်တို့ဖြင့်လည်းကောင်း၊ အနီးဝန်းကျင် ကျေးရွာများက လှည်းပေါင်း မိုးကြီးများဖြင့် လည်းကောင်း လာရောက် ရောင်းဝယ်ကြကြောင်း သိရသည်။
ယနေ့ခေတ်တွင် မော်တော်ကား၊ သုံးဘီး၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ လှည်းများဖြင့်လာ ရောက်ကြရာ ရှေးအစဉ်အလာမပျက် စည်ကားလျက်ရှိကြောင်း သိရသည်။ သို့ရာတွင် ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းကြောင့် အဆိုပါ ဘုရားပွဲတော်တွင် လပြည့်နေ့ (မတ် ၁၆ ရက်)၌ ဆရာတော် သံဃာတော်များက ဘုရားအနေ ကဇာတင်လှူပူဇော်ခြင်း၊ အာရုံဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများကပ်လှူခြင်း၊ ရေစက်ချအမျှပေးဝေခြင်းတို့ကို အကျဉ်းမျှသာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)