မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် အပိုဆောင်းကာကွယ်ဆေး Booster Dose များ ထိုးနှံပေးလျက်ရှိ

မယ်စဲ့ မတ် ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊  မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်က နမ့်မန်းကျေးရွာ၌ ကိုဗစ်ကာကွယ်ဆေး အဌမအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းနှင့် မြို့နယ်ခန်းမနှင့် ပြည်သူ့ဆေးရုံတို့၌ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက နမ့်မန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် ဝန်ထမ်း ၂၂ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး အဌမအသုတ် (ပထမအကြိမ်) အဖြစ်ထိုးနှံပေးခဲ့ပြီး မြို့နယ် ခန်းမနှင့် ပြည်သူ့ဆေးရုံတို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်သူများ ဖြစ်သည့် နိုင်ငံ့ဝန်ထမ်း၊ ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ အသက်၆၅နှစ်အထက် ပြည်သူများ စုစုပေါင်း ၁၈၆ ဦးအား ကိုဗစ်-၁၉အပိုဆောင်းကာကွယ်ဆေး Booster Dose ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍဖြစ်ရာ မယ်စဲ့မြို့နယ်အတွင်းရှိ ပြည်သူများအား ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး နှိုးဆော်လျက်ရှိပြီး ယနေ့အထိကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ၂၃၇၇ ဦး၊ ဒုတိယအကြိမ်၂၁၁၃ ဦး ထိုးနှံပြီးခဲ့ကြောင်းနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)