ချောင်းဦး မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းက မွေးကင်းစမှ အသက် ၁၀ နှစ်ထိ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့တွင် အခြေအနေအရ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို တစ်နှစ်ခန့်ရပ်ဆိုင်း ထားခဲ့ရသော်လည်း ယခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး ပြန်လည် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် သူနာပြုဆရာမများမှ ကလေးငယ်များ ပုံမှန်ထိုးနှံပေး နေကြဖြစ်သည့် တိုးချဲ့ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုး၊ ငါးမျိုးစပ် ကာကွယ်ဆေးများကို ယမန်နေ့က ကလေးငယ် ၁၂၄ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးကို မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ချောင်းဦးမြို့တွင် ပုံမှန်တိုးချဲ့ ကာကွယ်ဆေး မထိုးနှံပေးနိုင်စဉ်က မုံရွာမြို့နှင့် မြင်းမူမြို့များသို့ သွားရောက် ထိုးနှံခဲ့ကြရ၍ အခက်အခဲ ရှိခဲ့ရသော်လည်း ယခုအခါ ချောင်းဦးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် လစဉ် လဆန်း ၇ ရက်နေ့တိုင်း ထိုးနှံပေးတော့မည် ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင် ပြောကြားချက်အရ သိရသည်။
ဝင်းမြင့်အောင် (ပြန်/ဆက်)