ကျွန်းလှ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရေတင်စိုက်ပျိုးသော ထိုင်ဝမ်ပြောင်းချို စိုက်ပျိုးသူများ ယခင်နှစ်ကထက် ဈေးကောင်းရရှိ၍ အဆင်ပြေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ထိုင်ဝမ်ပြောင်းချိုကို ရေတင်ပြီး နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးပါတယ်။ တစ်ခါစိုက်ရင် တစ်ပိုင်တစ်နိုင် ၀ ဒသမ၂၅ ဧကကို တစ်လှည့်စီ စိုက်ပျိုးပါတယ်။ မျိုးကတော့ နို့ဆီဗူးတစ်ဗူး ကုန်တာပေါ့။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာ၊ လုပ်အားခ၊ ရေတင်ခ စုစုပေါင်းငွေကျပ် ၇၅၀၀၀ ခန့်ကုန်ကျပါတယ်။ ယခင် နှစ်က တစ်ဖူးငွေကျပ် ၁၂၀ ရောင်းရသော်လည်း ယခုနှစ်မှာတော့ ကြီးရင်တစ်ဖူးငွေကျပ် ၂၅၀၊ သေးရင် ၂၀၀ ကျပ်ရောင်းရပါတယ်” ဟုပြောင်းစိုက်တောင်သူ ဦးမိုးဝင်းက ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ထိုင်ဝမ်ပြောင်းချိုကို တစ်ပိုင် တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိကြပြီး ပြောင်းရိုးကိုလည်း နွားစားအဖြစ် အသုံးပြုရကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ