ပဲလွမ်းရိတ်သိမ်းချိန်ရောက်ရှိလာပြီဖြစ်၍ တစ်ပိုင်တစ်နိုင် ပဲလွမ်းစိုက် တောင်သူများအနေဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

ကော့ကရိတ်   မတ်    ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ပဲလွမ်းရိတ်သိမ်းချိန်ရောက်ရှိလာပြီဖြစ်၍ တစ်ပိုင်တစ်နိုင် ပဲလွမ်းစိုက် တောင်သူများအနေဖြင့် ပဲလွမ်းများ ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း ရေကျော်ကြီးကျေးရွာနေ တစ်ပိုင်တစ်နိုင် ပဲလွမ်းစိုက်တောင်သူများထံမှ သိရသည်။

ကျွန်တော်တို့အနေနဲ့ စပါးရိတ်သိမ်းပြီးတာနဲ့ ပဲလွမ်းကို စတင်စိုက်ပျိုးကြတာပါ။ ပဲလွမ်းစတင်စိုက်ပျိုး တော့မယ်ဆိုရင် ထွန်တစ်ထပ်ယက်ရပါတယ်။ ပြီးမှ ပဲလွမ်းကိုကြဲပြီး ထွန်နဲ့ပြန်ဖုံးရပါတယ်။ ကျွန်တော်တို့က ပဲလွမ်းကို ဇန်နဝါရီ တတိယအပတ် လောက်မှ စတင်စိုက်ပျိုးလာတာ ယခုအချိန်ဆိုရင် ရိတ်သိမ်းလို့ရပါပြီး။ ရိတ်သိမ်းပြီးတာနဲ့ ပဲလွမ်းကိုတော့ မနက်နေလှန်းပေးရပြီး ညနေဆို ပြန်ထုပြီးတော့ ရောင်းလို့ရပါပြီး။ ပဲလွမ်းကတော့ ယမန်နှစ်ကအတိုင်းပဲ တစ်ပြည်ကို ငွေကျပ် ၂၅၀၀ စျေးရပါတယ်။ ကျွန်တော်အနေနဲ့ ပဲလွမ်းကိုတော့ နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးလာတာပါ။ ပဲလွမ်းတစ်ဧကကျော်ကို စိုက်မယ်ဆိုရင်တော့ ပဲလွမ်းမျိုး (၈)ပြည်လောက်တော့ ကြဲထည့်ပေးရပါ တယ်။ ပဲလွမ်းကို တစ်ခါစိုက်မယ်ဆိုရင် (၃)ခါအထိ ရိတ်သိမ်းလို့ရပါတယ်။ ပဲလွမ်းကို တစ်ခါရိတ်သိမ်း ပြီးရင် (၄)၊ (၅)ရက်ဆို နောက်တစ်ခါ ပြန်လည်ရိတ်သိမ်း လို့ရပါပြီး။ အဓိကတော့ လူလိုပြီး ရိတ်သိမ်းနိုင်ဖို့က အရေးကြီးပါတယ်။ ယမန်နှစ်ကတော့ ပဲလွမ်းမှာ အထွက်နှုန်း ကောင်းတဲ့အတွက် တစ်ဧကကျော်ကို ပဲလွမ်း (၁၀)တင်းအထက် ထွက်ရှိပါတယ်။ ယခုနှစ်မှာတော့ အရှေ့လေက တိုက်တာ နဲ့ ပိုးကျတာနဲ့ဆိုတော့ ယမန်နှစ်ကလောက်တော့ ထွက်မှာမဟုတ်ပါဘူး။ ပဲလွမ်းကိုတော့ ကျွန်တော်ရွာနဲ့ ကော့ကရိတ်မြို့မ စျေးတွေမှာ ပြန်လည်ရောင်းချနေရတဲ့အတွက် မိသားစုပုံမှန်ဝင်ငွေတော့ ရရှိနေပါတယ်။ပဲလွမ်းစိုက်ပျိုးတဲ့အခါမှာ ကုန်ကျစရိတ်နည်းပြီး အမြတ်များများရရှိသည့်အတွက် ပဲလွမ်းစိုက်ပျိုးတဲ့ လုပ်ငန်းမှာ အဆင်ပြေလျက်ရှိပါတယ်ဟု ရေကျော်ကြီးကျေးရွာနေ တစ်ပိုင်တစ်နိုင် ပဲလွမ်းစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူဦးမြဦးက ပြောကြားသည်။ ကော့ကရိတ်မြို့နယ်အတွင်း၌ ပဲလွမ်း (၆၁၂၉)ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)