ကျွန်းစု မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ပထော်ကျွန်းအနီး၌ ယနေ့နံနက် ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပထော်ကျွန်းအနီး ကျောက်ချထားသော သစ်သားကိုယ်ထည် ဝါလတ်ငါးဖမ်းလှေ ပဲ့ခန်းအတွင်းရှိ ဘက္ထရီအိုးမှတစ်ဆင့် အနီးရှိ ပစ္စည်းအဟောင်းများနှင့် အင်ဂျင်ဝိုင်အဟောင်းထည့်ထားသည့်ပုံများသို့ ကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေ သယ်ယာဉ်(၂)စီး၊ လူနာယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ၍ မီးသတ်တပ်ဖွဲ့မှ လှေတစ်စီးလျှင် အပေါ့စားစက်တစ်လုံးဖြင့် သုံးဖွဲ့ခွဲပြီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၁၂)ဗို့ဘထ္ထရီ(၄)လုံး၊ မိန်းခုံ(၁)ခု၊ အင်ဂျင်ဝိုင်အဟောင်း (၅)ဂါလံခန့်နှင့် အဟောင်း ပစ္စည်းများမီးလောင်ကျွမ်းခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားချိန်တွင် DCP (6)Kg မီးသတ်ဆေးဘူး(၄)လုံး၊ Fire Ball (၂)လုံးနှင့် ရေပိုက်များဖြင့် ကနဦးငြှိမ်းသတ်ထားသည်ကို မီးသတ်ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရကြောင်း၊ မီးလောင်မှုတွင် တာဝန်ရှိသူအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )