ရန်ကုန် မတ် ၃၁
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၇၈ဦးကို Community based Facility Quarantine (၁၄)ရက် သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး၊ ပြည်ပမှ ပြန်လာသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီသတင်းပို့ကြရန်၊ မှန်ကန်သောသတင်းအချက်အလက်များ ပေးပို့ကြရန် အကြောင်း ကြားထားပြီး စည်းကမ်းလိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ထွန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးတို့က ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု၊ လိုအပ်ချက်များနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၊ အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် ကော်မတီဝင်များက Community based Facility Quarantine (၁၄)ရက် စောင့်ကြပ် ကြည့်ရှုခြင်းခံရသည့် ပြည်သူများထံ သွားရောက် ကြည့်ရှု အားပေး စကားပြောကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဒလမြို့နယ်၌ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ (၉၁)ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ပြန်လည် စေလွှတ်သူ(၁၃)ဦး၊ နေအိမ်၌ စောင့်ကြည့်ခံရသူ (၄၈)ဦး၊ ဘုန်းတော်ကြီးကျောင်းတွင် (၂၀)ဦး၊ ဓမ္မာရုံနှင့် စာသင်ကျောင်း တို့၌ (၁၀)ဦး စုစုပေါင်း (၇၈) ဦး တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ရပ်ကွက်/ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန တို့မှ ကျန်းမာရေးစစ်ဆေးမှုများ ကွင်းဆင်းပြုလုပ် ပေးလျက် ရှိပြီး၊ စောင့်ကြပ်ကြည့် ရှုခံရသူ ပြည်သူများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ထင်ရှားအောင် ထံမှသိရသည်။
လက်ရှိအချိန်တွင် ဒလမြို့နယ်၌ မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအုပ်စုများတွင် Community based Facility Quarantine အဖြစ် အသုံးပြုရန် နေရာ(၃၀)ခု သတ်မှတ်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
နိုင်လင်းကျော်(ဒလ)