မြို့သစ်မြို့နယ်တွင် မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်သူများ နည်းပါးလာပြီဖြစ်

မြို့သစ် မတ် ၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထားလုပ်ကိုင်ကြပြီး  အခြားစီးပွားရေးလုပ်ငန်းဖြစ်သည့် မိရိုးဖလာ အိုးလုပ်ငန်းလုပ်ကိုင်သူများ လည်းရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ယခင်က အိုးလုပ်ငန်းလုပ်ကိုင်သူဦးရေ(၃၀)ကျော်ရှိရာမှ ယခုအခါ အိုးပြုလုပ်သည့် မြေကြီး အခက်အခဲ၊ ထင်းအခက်အခဲနှင့် လုပ်သားရှားပါးမှုများကြောင့် မိရိုးဖလာအိုးလုပ် ငန်းလုပ်ကိုင်သူများ နည်းပါးလာပြီ ဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့မြို့မှာ ယခင်ကအိုးလုပ်ငန်းလုပ်ကိုင်သူဦးရေ (၃၀)ကျော်ရှိပါတယ်။  ယခုကတော့ လုပ်ကိုင်သူတွေ မရှိသလောက်ဖြစ်နေပါပြီ။  ကျွန်တော်ကတော့  အိုးလုပ်ငန်းလုပ်လာတာနှစ် (၂၀)ရှိပါပြီ။   ယခုက သင်္ကြန်ကာလ ရောက်တော့မှာဖြစ်တဲ့အတွက် သင်္ကြန်အတာအိုးတွေကို  အဓိ ကထားလုပ်နေပါတယ်။ ဆီမီးခွက်လည်းလုပ်ပါတယ်။ သောက်ရေအိုး၊ အင်တုံ၊ ကောက်ညှင်းပေါင်းအိုး (ပေါင်းချောင်၊ပေါင်းခံ)၊ အောင်ပါစေအိုးတွေလုပ်ပါတယ်။ ဖောက်သည် စျေးကတော့ သင်္ကြန် အတာအိုး (၁)လုံး နှစ်ရာကျပ်၊ ဆီမီးခွက် ၁၀ လုံး နှစ်ရာကျပ်၊ သောက်ရေအိုးအလတ် ၁ လုံး လေး ရာကျပ်၊ သောက်ရေအိုးအကြီး ၁ လုံး ရှစ်ရာကျပ်၊ အင်တုံ ၁ လုံး လေးရာကျပ်နဲ့ ဖောက်သည်စျေး ပေးပါတယ်”ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ ကွက်သစ်ရပ်ကွက်မှ ဦးသက်စိုးထိုက်က ပြောသည်။

“အဓိက​,ကတော့ ကျွန်တော်တို့ အိုးပဲလုပ်လုပ်၊ ဆီမီးခွက်ပဲလုပ်လုပ် ရွှံ့ကအဓိကပါပဲ။ ရွှံ့က လည်း လှည်းတစ်စီးစာကို သုံးထောင်ကျပ်ပေးရပါတယ်။ ရွှံ့အခက်အခဲရှိတယ်၊ အိုးဖုတ်ရန်အတွက် ထင်း၊ ကောက်ရိုးအခက်အခဲနဲ့ လုပ်သား ရှားပါးတဲ့ ပြဿနာလည်းရှိပါတယ်။ နောက်ပြီးတော့လုပ်တဲ့ နေရာမှာလည်း အဆင့်ဆင့်လုပ်ရတာဖြစ်တဲ့အတွက် အိုးလုပ်ငန်းလုပ်တဲ့သူနည်းပါးလာခြင်းဖြစ် တယ်”ဟု ၎င်းကဆက်လက်ပြောသည်။

မြို့သစ်မြို့နယ်တွင်  ယခင်ကအိုးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး  အိုးပြုလုပ်သည့်မြေ ကြီးအခက်အခဲ၊  အိုးဖုတ်ရန် ထင်း၊  ကောက်ရိုးအခက်အခဲ၊ လုပ်သားရှားပါးမှုနှင့် ဖောက်သည်စျေးပေးရာတွင် စျေးနှုန်းကွာဟမှုကြောင့် အိုးလုပ်ငန်း လုပ်ကိုင်သူများ တဖြည်းဖြည်းနည်းပါးလာခြင်းဖြစ်ကြောင်း သိရသည်။

 ဝင်းအိဇွန် (ပြန်/ဆက်)