မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဘုရားပြိုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေး မတ် ၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မကွေး မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက် ပေးနေမှုနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ‌ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ဓမ္မာရုံခန်းမတွင် တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါသည် မိမိတို့ နိုင်ငံသာမက တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော ရောဂါဖြစ်ပြီး  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားရန် လိုအပ်သောကြောင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ပြည်သူများ အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မကွေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ‌ဒေသခံ ပြည်သူများအား အချိုရည်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားပြိုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်  (၅၉)ဦးနှင့် အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ် (၇၀)ဦး စုစုပေါင်း (၁၂၉)ဦးအား နေ့ချင်းပြီး နိုင်ငံသား စိစစ်ရေးကတ် ဆောင်ရွက် ပေးနိုင်ခဲ့သည့်အပြင်  အိမ်ထောင်စု မွေးတိုးစာရင်းအနေဖြင့်(၈၀)ဦး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အနေဖြင့် ဘုရားပြို ကျေးရွာအုပ်စုတွင် ကာကွယ်ဆေးထိုးနှံရ‌န် ကျန်ရှိနေသည့် ဒေသခံပြည်သူ(၅၃၇)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ  မကွေးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ၂၀၂၂ခုနှစ်၊ မတ်လကုန်တွင် ရာနှုန်းပြည့်ဆေးထိုးနှံပေးနိုင်‌ရေး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများအား အဖွဲ့များဖွဲ့စည်း၍  ကျေးရွာအရောက် ကွင်းဆင်းဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးမြို့နယ် ဂွေးတောက်စမ်း ကျေးရွာရှိ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် PC Myanmar တို့မှ ပူးပေါင်း ဆောင်ရွက်သည့် နှမ်းကုန်ချောထုတ်စက်ရုံသို့ ရောက်ရှိခဲ့ပြီး နှမ်းကုန်ချောထုတ်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ခံ မန်နေဂျာ ဦးအောင်ချမ်းသာက နှမ်းကုန်ချောထုတ်စက်ရုံအား တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ(၃၀)မှ တောင်သူဦးရေ(၆၀၀)၏ နှမ်းစိုက်ဧက (၁၅၀၀)ဖြင့် လည်ပတ် လျက်ရှိပါကြောင်း၊ မိမိတို့စက်ရုံအနေဖြင့်  တစ်နေ့လျှင် နှမ်းတင်းရေ(၃၀၀)တင်းအား နှမ်းအရောင်ခွဲခြင်းနှင့် သန့်စင်မှုအား ဆောင်ရွက်နိုင်သည့်အပြင် နှမ်းဆီကြိတ်စက် အနေဖြင့်လည်း နှမ်း(၁)တင်းလျှင် ဆီ(၇)ပိဿာခွဲ ထွက်ရှိပါ ကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ စဉ်းမျဉ်းစည်းကမ်းများနှင့်အညီ  ဆောင်ရွက်ရေး၊ တောင်သူများအတွက် အမှန်တစ်ကယ်အကျိုးအမြတ်ရရှိသည့် လုပ်ငန်းများဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်း အလားတူစက်ရုံများ ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)