မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ မတ် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်   ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ် အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက် ၁၈ နှစ်အထက် ပြည်သူ ၃၁၀၀၀ ဦးခန့် ကျန်ရှိနေသည့်အတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား မတ်လကုန်တွင် အပြီးထိုးနှံနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေး ပြောကြား ခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊      ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ‌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး ထိုးနှံပေးရေး ဆွေးနွေးခဲ့ကြရာ၊ ဆွေးနွေး ချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေး‌နွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)