COVID-19 ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး ပြည်သူလူထု လိုက်နာရမည့် အချက်အလက် အကြောင်းအရာများအား အသိပညာပေးနှိုးဆော်

ညောင်ဦး  မတ် ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း များသည် ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ ညောင်ဦးခရိုင်အတွင်းရှိ ရပ်ကွက် ကျေးရွာ များသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုသိရှိ လိုက်နာ ရမည့်အချက်များကို လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။

အဆိုပါ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် COVID-19 ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါဟာ ကမ္ဘာနဲ့အဝှမ်း ဖြစ်ပွား နေကြောင်း၊ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနွယ်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ စသည့် လက္ခဏာရပ်များကိုခံစားရကြောင်း၊ ရာသီတုပ်ကွေးရောဂါလက္ခဏာနှင့်လည်း ဆင်တူ ပါကြောင်း၊ ယင်းသို့ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန သွားရောက်ပြသဖို့လိုအပ်ပါကြောင်း၊ ဒီလို လက္ခဏာတွေခံစားရတိုင်း COVID-19 ကူးစက်ရောဂါမဟုတ်ဘူးဆိုတာလည်း သတိပြု စေလိုကြောင်း၊ လော်စပီကာ အသံချဲ့စက်ဖြင့် ရပ်ကွက်ကျေးရွာရှိ ပြည်သူလူထုသို့ အသိ ပညာပေး လိုက်လံနှိုးဆော်ကြသည်။

ဆက်လက်၍ COVID-19 ရောဂါသည် အသက်အရွယ်ကြီးသူများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းသူများအတွက် ပိုပြီးအန္တရာယ်ရှိကြောင်း၊ COVID-19 ရောဂါသည် စကားပြောခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့က တစ်ဆင့်၊ ထွက်လာတဲ့ တံတွေးစက်များက အများဆုံးကူးစက်နိုင်ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံးသုံးပေ အကွာမှာ နေသင့်ကြောင်း၊ ပြည်သူများသိရှိလိုက်နာရန် အချက်အလက်များအား ဆော်ဩ ပညာပေးသည်။ ရောဂါပိုးရှိသူများ၏ တံတွေးစက်ပေကျံနေတဲ့နေရာများကို ထိမိ ကိုင်မိရင် ရောဂါပိုးသည် မိမိလက်မှာပါလာပြီး မိမိမျက်လုံး၊နှာခေါင်း၊ ပါးစပ်တို့ကတဆင့်ရောဂါပိုး မိမိ ခန္ဓာကိုယ်တွင်း ဝင်ရောက်နိုင်ကြောင်း၊ မိမိကိုယ်တိုင်ချောင်းဆိုးနေပါက တစ်ရှူး၊ လက်ကိုင် ပဝါဖြင့် ကာပြီးမှ ချောင်းဆိုးနှာချေသင့်ကြောင်း၊ ပြီးလျှင် တစ်ရှူး၊ လက်ကိုင်ပုဝါတို့အား အမှိုက်ပုံး ထဲသို့ စနစ်တကျစွန့်ပစ်ရန် နှိုးဆော်ဟောပြောကြသည်။

COVID-19 ရောဂါကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းမှာ “လက်ကို ခဏခဏ သတိရတိုင်း ဆေးပါ၊ အကောင်းဆုံးက ဆပ်ပြာနဲ့ရေကိုအသုံးပြုပြီး စက္ကန့် ၂၀ ခန့် စနစ်တကျ ပွတ်တိုက် ဆေးကြောပါ၊ ရေဆေးဆပ်ပြာမရနိုင်လျှင် အရက်ပျံအနည်းဆုံး ၆၀ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့် ဆေးရည်နှင့် သန့်ရှင်းပါ၊ တတ်နိုင်သမျှ မိမိလက်နှင့်မျက်နှာကို မထိစေနိုင်အောင်ဂရုပြုပါ၊ လူစုလူဝေးကို ရှောင်ပြီး မိမိအိမ်ရှိ အစားအစာ၊ အိမ်သုံးပစ္စည်းများ သန့်ရှင်းသပ်ရပ်စွာ ထားရန်” စသည့်အချက်များအား ညောင်ဦးခရိုင်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ COVID-19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး လော်စပီကာ (အသံချဲ့စက်)ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်နေကြောင်းသိရသည်။

ကိုထိန်၊ငါ့သရောက်