မြိတ် မတ် ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မီးဘေးလုံခြုံရေးအတွက် ကန်ကြီးရပ်ကွက် ကန်တော်မင်္ဂလာ ရေကန် အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့် ရေစင်နှင့်ရေစင်မှ ကမ်းနားလမ်းသို့ သွယ်တန်းထားသော ရေပိုက်လိုင်းတွင် မီးငြှိမ်းသတ်ရေငုတ်ခေါင်း တပ်ဆင်ထားရှိမှုနှင့် အရေးပေါ်လိုအပ်လာပါက အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
“တပ်ဆင်ထားရှိတဲ့ Hydrant မီးသတ်ရေငုတ်ခေါင်းကို ရေကန်အနီးရှိ ရေစင်မှ ရေဆွဲအားနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ရေစင်မှာ ရေရှိနေဖို့လိုတယ်။ ရေတင်ဖို့အတွက်ကို ရေစက်၊ ရေစုပ်စက်တွေ Fuction ဖြစ်နေဖို့လိုတဲ့အတွက် စည်ပင်သာယာရေး အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မီးသတ်ဦးစီးဌာနမှ ရေစုပ်စက်တွေ ထပ်မံရောက်ရှိလာပါက ရေကန်အနီးတွင် မီးဘေးလုံခြုံရေးအတွက် ရေရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း က ပြောသည်။
ကမ်းနားလမ်းတွင် သွယ်တန်းထားရှိသော ရေပိုက်လိုင်းတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ် ရေငုတ် ခေါင်း(၂)ခုကို ကမ်းနားလမ်းနှင့် နာရီစင်လမ်းထောင့်တွင်တစ်ခု၊ ပြည်တော်သာ ရေဆင်း တံတားအနီးတွင်တစ်ခု၊ တပ်ဆင်ထားရှိပြီး အဆိုပါ မီးသတ်ရေရေငုတ်ခေါင်းမှ သွယ်တန်း ထားရှိသည့် ရေပိုက်လိုင်းနှင့် ရေစင်တို့ကို မီးဘေးလုံခြုံရေးတွင် အသုံးပြုနိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြိတ်မြို့တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် မီးသတ် ဦးစီးဌာနနှင့် အရန်မီးသတ်စခန်း(၈)ခုတို့၌ မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၂၆)စီးရှိပြီး အလယ်ကျွန်းနယ်မြေတွင် ရေဂါလံ(၆၅၀၀)ဆန့် ရေစင်တစ်ခုဖြင့် မီးငြှိမ်းသတ်ရေငုတ်အလုံး(၂၀)၊ ထားဝယ်စု ရပ်ကွက်တွင် ကန်တော်မင်္ဂလာ ရေကန်မှ ရပ်ကွက်အတွင်းသို့ ရေပိုက်သွယ်တန်းထားရှိပြီး မီးသတ်ရေငုတ်(၄)ခု တပ်ဆင်ဆောင်ရွက် ထားရှိကြောင်း၊ ထို့အတူ ရပ်ကွက်/ကျေးရွာများတွင် ရေစုကန်နှင့် ရေရရှိနိုင်သည့် နေရာများအား မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှု၍ စာရင်းပြုစုထားရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)