ပေါက်ခေါင်း မတ် ၆
ကျေးလက်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူ သွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ် လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးခူအိုင်ကျေးရွာအုပ်စု၊ အောင်မြင်ကုန်းရွာ ကျေးလက်ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ လမ်းသစ်မုခ်ဦး ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လမ်းသစ်ကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ယုနောင်၊ အဖွဲ့ဝင်(၂)ဦးမြင့်ဌေးနှင့် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဌေးဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယခုဖွင့်လှစ်ခဲ့သည့် လယ်ယာကုန်ထုတ်လမ်းအား ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ (၈၀ဒသမ ၅၉၈) သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လမ်းအရှည် ၁/၁.၈၂၁ မိုင်၊ လမ်း အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မရှိ မြေသား၊ မြေနီလမ်း အမျိုးအစားဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်မှ စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းကုန်ထုတ်လမ်းသည် ကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ ၁၈၁၁ ဦး၊ လယ်ယာမြေဧက ၄၀၀ ကျော်မှ ထွက်ရှိသော သီးနှံထုတ်ကုန်များ သယ်ယူရောင်းချရာတွင် မြန်ဆန်အဆင်ပြေမည်ဖြစ်ပြီး ရာသီမရွေး အသုံးပြုသွားလာနိုင်သည့် လမ်းအမျိုးအစားဖြစ် ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)