ကော့သောင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေး စာစစ်ဌာနကျောင်းများအနီး လူနေရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားရေး ကွင်းဆင်းစစ်ဆေး

ကော့သောင်း မတ် ၆

ကော့သောင်းမြို့တွင် မကြာမီကာလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဖြေဆိုနိုင်ရေး စာစစ်ဌာနကျောင်းများအနီး မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် လူနေရပ်ကွက်များအတွင်း ခရိုင်မီးသတ်ဦးစီးဌာန က ယမန်နေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ယခုမတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကျင်းပမည့် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲကျင်းပမည့် စာစစ်ဌာနတစ်ခုဖြစ်သည့် ကော့သောင်းမြို့ အထက(၁)စာစစ်ဌာနရှိရာ အောင်သုခရပ်ကွက်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ငြိမ်းဦးနှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းအိမ်များတွင် မီးဖိုချောင်မီးသုံးစွဲမှု စနစ်ကျမှုရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရန်ရှောင်ရန်ကိစ္စများ၊ လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ အိမ်တွင်းဝါယာလိုင်းများသွယ်တန်းမှုနှင့် ဝါယာရှော့ဖြစ်ကာ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့ကြပြီး မီးသုံးစွဲမှုနှင့် သက်ဆိုင်သည့် သတိပြုရမည့် အချက်များကို အသိပညာပေး နိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ ကော့သောင်းမြို့၏ အခြားစာစစ်ဌာနများရှိရာ ကျောင်းများအနီးရှိ လူနေရပ်ကွက်များသို့ လည်း စာမေးပွဲကာလအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)