ဖားဆောင်း သြဂုတ် ၂၈
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပိုမိုစိတ်ပါ ဝင်စား ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့(MYNFREL)မှ ဒေသခံ လူငယ်များအတွက် ဒီမိုကရေစီ နိုင်ငံသား ဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်များအား အသိပညာပေးသင်တန်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဖားဆောင်းမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ဓမ္မသိဒ္ဓိသိမ်ကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ တာဝန်ခံ ဦးမင်သူနောင်က လူငယ်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်၌ ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး သင်တန်းပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် လူငယ်များ၏ အသံ၊ ဒီမိုကရေစီ၏ အခြေခံအင်္ဂါရပ်များ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ခေါင်းဆောင်မှု မိတ်ဆက် ခြင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းနှင့် သရုပ်ပြတင်ဆက်ခြင်း၊ လူငယ်နှင့် လူမှုအသိုက်အဝန်း အခန်းကဏ္ဍစသည့် ခေါင်းစဉ် များဖြင့် သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ဖားဆောင်းမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာ၊ ပါပုကျေးရွာ၊ နန်းကစ်ကျေးရွာ၊ ခဲမဖြူ ကျေးရွာ၊ စုစည်းကျေးရွာ အတွင်းရှိ လူငယ်မောင်မယ်(၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို(၂)ရက် ကြာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သင်တန်း နည်းပြတာဝန်ခံထံမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)