ပြည် သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ စည်ပင်သာယာစျေးနှင့် မြို့ပေါ်ဆိုင်များတွင် ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်မျိုးစုံနှင့် ယိုမျိုးစုံများ၊ သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ပတ်သက်၍ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က စားသုံးသူရေးရာ ဦးစီးဌာန ပြည်မြို့နယ်ရုံးတာဝန်ခံ ဦးဆောင်သော စျေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိခဲ့သော စျေးဆိုင်(၆)ဆိုင်မှ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ဥပဒေနှင့်မညီညွတ်သည့် ကုန်စည်(၁၃)မျိုးကို ပထမအဆင့်အနေဖြင့် စျေးကွက်အတွင်းမှ ချက်ချင်းပြန်လည် သိမ်းဆည်းစေခြင်း၊ ရက်ပေါင်း(၃၀)အတွင်း ကုန်အညွှန်းအမှတ်အသားများကို ပြန်လည် ပြင်ဆင်စေရန် ရောင်းချသူအား ခံဝန် ကတိပြု လက်မှတ်ရေးထိုးစေခြင်းတို့ကို ပူးပေါင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)