မန္တလေး မတ် ၃၁
COVID – 19 ရောဂါသက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID – 19 Fund မှ ချေးငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
"ဒီရောဂါကြောင့် လုပ်ငန်းတွေမှာ ရပ်နားသွားတာမျိုးတွေ၊ လုပ်သားတွေကို လစာပေးတာ အခက်အခဲတွေ ရှိတဲ့အခါမှာ အဲဒါတွေအတွက် ပိုပြီးတော့မှ ချပေးတဲ့ ချေးငွေတစ်ခုပါ။ အဲဒီမှာ ခရီးသွားလုပ်ငန်းတွေ၊ SME လုပ်ငန်းတွေပါမယ်။ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့မှ ချေးငွေတွေကို တစ်တိုင်းပြည်လုံး ချပေးတဲ့အခါမှာ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းအနေနဲ့ မန္တလေးတိုင်းမှာ ရှိနေကြတဲ့ သက်ဆိုင် တဲ့ ဒီလုပ်ငန်းရှင်တွေရော ဒီချေးငွေကို လျှောက်ထားနိုင်ဖို့အတွက်ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပါတယ်။" ဟု မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။
အဆိုပါချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း ၁ရာခိုင်နှုန်း၊ ချေးငွေကာလ ၁နှစ်သတ်မှတ်၍ ချေးငွေ ထုတ်ပေး သွားမည် ဖြစ်ကြောင်း၊ COVID – 19 ကြောင့် အခက်အခဲ ဖြစ်သော လုပ်ငန်းရှင်များ အားလုံး လျှောက်ထားနိုင်ကြောင်းနှင့် နိုင်င်ငံတော်မှ ပြည်သူလူထုများ အားလုံးအတွက် ချပေးသော ချေးငွေ ဖြစ်ကြောင်း သိရသည်။
"အချက်လက်တွေကတော့ ပုံမှန်အားဖြင့်တော့ အချက် ၁၀ချက် ရှိပါတယ်။ အချက် ၁၀ချက် အပြင်မှာ SME တွေအတွက် အချက်တွေရှိတယ်။ ပြီးတော့ လုပ်ငန်းတွေအတွက် လိုက်နာရမယ့် ပါဝင်ရမယ့် အချက်အလက်တွေ ပူးတွဲပြီး တင်ပြရမယ့် အချက်လက်တွေကို ကျွန်တော်တို့က အွန်လိုင်းမှာ တင်ပေးထားပါတယ်။ အဓိကကတော့ UMFCCI ရဲ့ အွန်လိုင်းမှာလည်း တင်ထား သလို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) page မှာလည်း ညွှန်းပြထားပါတယ်။ အဲဒီမှာ ဒေါင်းလော့တွေ လုပ်ပြီးတော့ ကြည့်လို့ရတယ်။ SME လုပ်ငန်းတွေအတွက်ဆို လူမှုဖူလုံရေးကြေးဆိုတဲ့ အချက်တစ်ချက် ပါပါတယ်။ အဓိကကတော့ အချက် ၁၀ချက်ပေါ်မှာ အခြေခံပါတယ်။ အချက် ၁၀ ချက်ကို ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေ အကုန်လုံးက လျှောက်ထားလို့ ရပါတယ်။ လျှောက်ထားတဲ့ အခါမှာ ကိုယ့်လုပ်ငန်းရဲ့ ဝင်ငွေ တစ်နှစ်ခွဲ ၂နှစ်၊ ကိုယ့်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဝင်ငွေတွေ ရှိနေတယ်ဆိုတာတွေ Finial Statement ကို ဖော်ပြပြီးတော့မှ လက်ရှိ အခြေအနေကြောင့်မို့ ကိုယ့်လုပ်ငန်းမှာ ဝန်ထမ်း ပေါင်းက ဘယ်လောက်ရှိတယ်။ အဲဒီ ဝန်ထမ်းထဲကမှ လစာပေးဖို့ အတွက် အခက်ခဲတွေရှိတယ်။ ကိုယ့်လုပ်ငန်းလည်ပတ်ဖို့ လိုအပ်နေတဲ့ ပမာဏ လုပ်သားတွေကို လစာပေးနိုင်ဖို့ တွက်ချက်ထားတဲ့ ပမာဏကိုမှ ကျွန်တော်တို့က ဒါဘယ်လောက်ချေးသင့်တယ် ဆိုတာ လုပ်ငန်းရှင်တွေက တင်ပေးရမှာ ဖြစ်ပါတယ်။" ဟု အထွေထွေ အတွင်းရေးမှူးမှ ဆက်လက်ပြောသည်။
ချေးငွေလျှောက်ထားရာတွင် အကျုံးဝင်သော အချက်များမှာ COVID – 19 ကြောင့် အမှန်တကယ်ထိခိုက်မှုရှိသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းဖြစ်ရမှာ ဖြစ်ပြီး ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ယခင် ၃လအတွင်း ရပ်နားထားသော လုပ်ငန်းဖြစ်ကာ ချေးငွေရရှိပါက ချက်ချင်းပြန်လည် လည်ပတ်နိုင်သော လုပ်ငန်း ဖြစ်ရမည် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီက သက်ဆိုင်ရာ ဌာနမှ ခွင့်ပြုချက် (သို့မဟုတ်) လိုင်စင်ရထားသော လုပ်ငန်း ဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ကာ ချေးငွေ ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်းဖြစ်ရမည် ဖြစ်ကြောင်း၊ ချေးငွေအား ဝန်ထမ်းများနှင့် လုပ်သားများ လစာပေးရန်နှင့် လက်ရှိလုပ်ငန်း လည်ပတ်ရန် အတွက်သာ အသုံးရမည် ဖြစ်ပြီး ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးမှ ဆိုင်းငံခံထားရခြင်း၊ ပယ်ဖျက်ခံထားရသော ကုမ္ပဏီ မဖြစ်စေရန်နှင့် ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန် ပေးဆောင်ထားသော လုပ်ငန်းဖြစ်ရမည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးထည့် ပုံမှန် ထည့်ဝင် ထားသည့် လုပ်ငန်းကို ဦးစားပေးသွားမှာ ဖြစ်ပြီး ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီ မဟုတ်ပါက ချေးငွေယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေကို ပြန်လည်ပေးဆပ်ရန် အာမခံချက် ပေးနိုင်ရမည် ဖြစ်ကြောင်းသိရသည်။
"မနက်ဖြန် ၁၀နာရီကနေ စပြီးတော့ ရောက်ရှိလာမယ့် ကိုယ်စားလှယ်တွေကနေ သက်ဆိုင်ရာ ကဏ္ဍအလိုက် စိစစ်ပြီး လက်ခံဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပူးပေါင်းအဖွဲ့ထဲမှာဆိုရင် မန္တလေး မြို့တော် စည်ပင်သာယာ၊ ဟိုတယ်နဲ့ ခရီး၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ပါမယ်။ နောက်တစ်ခုက ဒိုက်ကာ ကလည်း ပါမှာပေါ့နော်။ စုစုပေါင်း ကျွန်တော်တို့က ပူးပေါင်းအဖွဲ့ ၇ဖွဲ့ ကနေပြီးတော့မှ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ အပေါ်မှာ မူတည်ပြီးတော့မှ စိစစ် ဆောင်ရွက်နိုင်အောင် အခွန်လည်းပါပါတယ်။ ပြည်တွင်းအခွန်အဖွဲ့လည်း ကျွန်တော်တို့ ဖိတ်ထားပါတယ်။ သက်ဆိုင်ရာကနေ ဒီချေးငွေချေးတဲ့ လုပ်ငန်းအပေါ်မှာ အရေးယူ ဆောင်ရွက်မှု ဆိုတာက အဆင့်ဆင့်ရှိမှာပါ။ အဲဒါက ကြေညာချက်ထဲမှာလည်း ပါပါတယ်။ " ဟု ဆက်လက် ပြောသည်။
ချေးငွေလျှောက်လွှာများကို မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၉ရက်နေ့အတွင်း နံနက် ၉နာရီခွဲမှ ညနေ ၄နာရီအထိ MRCCI ရုံးတွင် လက်ခံသွားမည် ဖြစ်ပြီး လျှောက်လွှာများကို MRCCI ရုံး၌ ဖြစ်စေ၊ MRCCI Facebook Page နှင့် UMFCCI Website တွင် ရယူနိုင်ကြောင်း သိရသည်။
ထိပ်ထားနိုင်