ကော့ကရိတ်မြို့၌ ဆောင်းမြေပဲအထွက်နှုန်းတိုးရေး ကျောက်မှုန့်မြေသြဇာ ထည့်သွင်းခြင်း ကွင်းပြပွဲကျင်းပ

ကော့ကရိတ်   မတ်    ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်   ဆောင်းမြေပဲ အထွက်နှုန်းတိုးရေး ကျောက်မှုန့်မြေသြဇာ ထည့်သွင်းခြင်း ကွင်းပြပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ရေကျော်ကြီးကျေးရွာ တောင်သူ ဦးချစ်အောင်၏ ဆောင်းမြေပဲစိုက်ခင်း၌ ကွင်းဆင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးက ဆောင်းမြေပဲများကို ယခုကဲ့သို့ထားပါက အထွက်နှုန်း ပန်းတိုင်မှာ ၅၀ သာရှိမည်ဖြစ်ရာ တောင်သူများ အနေဖြင့် ကျောက်မှုန့်မြေသြဇာထည့်သွင်းပါက ၇၀မှ ၈၀ အထိ ထွက်ရှိမည် ဖြစ်ကြောင်း၊ ဆောင်းမြေပဲ အစေ့အဆံအောင်ဖို့နှင့် အထွက်နှုန်းတိုးဖို့အတွက် ရည်ရွယ်၍ ကျောက်မှုန့် မြေသြဇာထည့်သွင်းခြင်း ကွင်းပြပွဲ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော တောင်သူများက စိုက်နည်းစနစ်မှန်ကန်ရေး၊ သီးနှံပိုးရောဂါ ကျရောက်မှု ကြိုတင်ကာကွယ်ရေးနှင့် ဓာတ်မြေသြဇာအချိုးကျကျ ထည့်သွင်းခြင်း၊  ဆောင်းမြေပဲ စျေးကွက်နှင့် ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများ ပြန်လည် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်/မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တက်ရောက်လာသော တောင်သူများက အဆိုပါ ဆောင်းမြေပဲ စိုက်ခင်းအတွင်းသို့ ကျောက်မှုန့်မြေသြဇာများ ထည့်သွင်းခဲ့ကြသည်။

ကော့ကရိတ်မြို့နယ်အတွင်း၌ ဆောင်းမြေပဲ(၃၀၄၅)ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)