ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ချောင်းဦး ဩဂုတ် ၂၈

စိုက်ပျိုးရေးမွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်ဒေသနေ ပြည်သူများ၏ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်းနှင့်ကျေးရွာလည်ပတ်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project များကို ဆောင်ရွက်လျက်ရှိရာ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ငါးယှန်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအား  မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ‌ဒေါ်မြင့်မြင့်အေးနှင့်အဖွဲ့မှ  ယနေ့ နံနက်(၉)နာရီ အချိန်က ငါးယှန်ကျေးရွာ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းရာတွင် မုံရွာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီး ရေး အလေးထား ဆောင်ရွက်သွားရန်နှင့် ငါးယှန်ကျေးရွာလမ်းကော်မတီများက ပူးပေါင်းဆောင်ရွက် ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်‌ကျေးလက် ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ချောင်းဦးမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၆)ရွာတွင် ကွန်ကရစ်လမ်း(၅)လမ်း၊ ကုန်ထုတ်လမ်း(၁)လမ်း၊ မြေသားရေကန် အနက်နှိုက်တူးဖော်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း၊ ငါးယှန် ကျေးရွာသည် ကွန်ကရစ်လမ်း ၇၈၀'-၀"×၁၀'-၀"×၀'-၆" ခင်းခြင်းလုပ်ငန်းနှင့် မြေသားရေကန် ရေဝင်လမ်းကြောင်း အမှိုက်ရှင်းခြင်းနှင့် အနက်နှိုက်ခြင်းလုပ်ငန်းတို့ကို ခွင့်ပြုငွေကျပ်သိန်း (၁၀၀)ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Materials & Labour Ratio 39 & 61 ဖြင့် COVIDE-19 ကာလအတွင်းကျေးလက်နေပြည်သူများအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက် စေခြင်းဖြင့် လုပ်အားခငွေ ထောက်ပံ့ပေးသည်ဖြစ်၍ မိသားစုဝင်ငွေ တိုးပွားလာစေကာ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့်  စီမံကိန်းဖြစ်သည့်အတွက် စီမံကိန်းသတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီသည့် အခြေခံလူတန်းစားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ငါးယှန်ကျေးရွာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဩဂုတ်လ (၁၃) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး၊ ယနေ့အထိ လုပ်ငန်းအားလုံး (၄၅) ဆောင်ရွက်ပြီးဖြစ်၍ လုပ်ငန်းအားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ် ကာလ အတွင်း အချိန်မီပြီးစီးရေးဌာနဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း  ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ကွင်းဆင်းရာသို့  မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် အဖွဲ့၊ မြို့နယ်‌ကျေးလက်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ ငါးယှန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ လမ်းကော်မတီဝင်များ လာရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)