တမူး မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြား များ အခမဲ့ ယမန်နေ့ နံနက်(၉)နာရီအချိန်က စော်ဘွားရပ်ကွက် အ.မ.က(၁၁) ကျောင်းတွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေး သောသူများ၊ပျောက်ဆုံးပျက်စီးသူများများနှင့် အိမ်ထောင်စု လူဦးရေစာရင်း တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးစည်းကမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေနေများအား တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်အံ့မောင် နှင့်အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကြည့်ရှု အားပေးခဲ့ သည်။
တမူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကြီး