ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ငဖဲ မတ် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းနှင့် သက်ငယ်မုဒိမ်းပပျောက်ရေးဆိုင်ရာ အသိပညာ ပေး ဟောပြောပွဲကို ယမန်နေ့က ငဖဲမြို့နယ် ရင်းရှည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ရင်းရှည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှလှစမ်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဟန်နီထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၏ရည်ရွယ်ချက်များ၊ ကလေးသူငယ်များ၏အခွင့်အရေးများ၊ ကလေးသူငယ်များ၏ ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ တွင် ပြဌာန်းထားသောဥပဒေများ၊ ကလေးသူငယ်များ ကိုပြစ်မှုဖြင့် အရေးယူခြင်းနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေမှုများနှင့် သက်ငယ် မုဒိမ်း ဖြစ်ပွားမှုဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ဟန်နီထွန်းနှင့် ဝန်ထမ်းများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေသိကောင်းစရာများနှင့် သက်ငယ်မုဒိမ်း ပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား   ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)