ပွင့်ဖြူမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်

ပွင့်ဖြူ မတ် ၅

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့်  ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းကို မတ် ၄ ရက်၊ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး  မလိုအပ်ဘဲ နေအိမ်ပြင်ပ သွားလာခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးရှိသော နေရာများ သွားရောက်ခြင်း မပြုရန်၊  မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ အပြင်မှ ပြန်လာသည့် အခါတိုင်း လက်ကို စနစ်တကျ ဆေးကြောရန်၊ လက်မဆေးမီ  မျက်နှာအား ပွတ်သပ်ခြင်းမပြုရန်နှင့် အရာဝတ္ထု ပစ္စည်းများ ကိုင်တွယ်ခြင်း မပြုရန်၊ ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးပါက သတ်မှတ်ဆေးထိုးစုရပ်များသို့ မပျက်မကွက် သွားရောက် ထိုးနှံကြရန် စသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။  

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူလူထု ပူးပေါင်းကာကွယ် တိုက်ဖျက်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းပြီး အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 ရဲဝင်းနိုင် ( ညောင်ဦး )