ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ပဲခူး မတ် ၅

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၆) စက်လမ်းနှင့်ပွင့်သစ်စ လမ်းထောင့်တွင် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီးသွေးမီးဖိုဖြင့် ထမင်းအိုးတည်ထားရာမှ ဘေးအကာထရံသို့ ကူးစက်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊  မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)