ထားဝယ်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ထားဝယ် မတ် ၅

ထားဝယ်မြို့တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီး၌ ကျင်းပသည်။

ရှေးဦးစွာ စည်ပင်သာယာ‌စျေးကြီး မီးလောင်နေမှု သရုပ်ပြ အဆောက်အဦအား သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက အပြေးအလွှားရောက်ရှိလာပြီး မီးငြှိမ်းသတ်ယာဉ်များဖြင့် ရေများဖျန်းပက်ခဲ့ကြသည်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက အဆောက်အဦအတွင်း ပိတ်မိနေသူများအား လိုက်လံ ရှာဖွေပြီး ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့ယာဉ်ဖြင့် ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွ အသက်ရှူနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာနေရာသို့ ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ စျေးကော်မတီအဖွဲ့များနှင့်စျေးသူ/သားများ ပူးပေါင်းပါဝင်ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်းသိရသည်။

မီးဘေးလုံခြုံရေး စီမံချက်ပါအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ် မီးလောင်မှု ဖြစ်ပွားပါက စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်ခြင်း ဆိုသော မြန်(၃)မြန်စနစ်အား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်တယ်ဟု ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းထံမှသိရသည်။

ရွှေပင်လယ်(ထားဝယ်)