ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုနယ်မြေအတွင်းရှိ လက်ပန်ရှည်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်

တောင်တွင်းကြီး မတ် ၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးဒေသ နယ်မြေဇုန် အတွင်းရှိ လက်ပန်ရှည်ကျေးရွာမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ဆောင်ရွက်ပြီးစီး နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲက  မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့၀င်များက တောင်တွင်းကြီးမြို့နယ် လက်ပန်ရှည်ကျေးရွာရှိ ဒေသခံ ကျေးလက်နေ ပြည်သူများ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၏၂၀၂၁-၂၀၂၂ခု ၆လဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံ ငွေ (၃၂.၄၃၃)သန်းဖြင့် မြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော်‌ဆောင်ရွက်နေသည့် လက်ပန်ရှည် ကျေးရွာကုန်ထုတ်လမ်း အရှည်ပေ (၈၅၀၀) အား လမ်းအကျယ် (၁၂)ပေ ထု(၉)လက်မ၊ ကျောက်ချောမြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်နေမှုအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ကျေးရွာနေပြည်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦး‌ကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ပန်ရှည် ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရှင်းလင်း ပြောကြားရာတွင် လက်ပန်ရှည်ကျေးရွာသည် ကမ္ဘာ့အမွေအနှစ်စာရင်း၀င် ဗိဿနိုးဇုန်အနီးအတွင်းရှိ ကျေးရွာကြီးတစ်ရွာဖြစ်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ် များကို လေးစားတန်ဖိုးထား ထိန်းသိမ်းရန် လိုပါကြောင်း၊ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း များ ဆောင်ရွက်ရန်လိုပါကြောင်း၊ ရှေးဟောင်းအမွေအနှစ် ဆိုင်ရာပစ္စည်းများ တွေ့ရှိခဲ့ပါက သက်ဆိုင်ရာ တာ၀န်ရှိသူများ မှတဆင့် နိုင်ငံတော်သို့ စနစ်တကျအပ်နှံသွားရန်နှင့် နိုင်ငံတော်မှလည်း ထိုက်သင့်သည့် ချီးမြှင့်မှုများကို ပေးအပ်လျက် ရှိပါကြောင်း၊ မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုးအကြိမ် ပြည့်မီအောင် ထိုးနှံရေး၊ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ် အထူးဂရုပြု ကြိုတင်ကာကွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ချပြရှင်းလင်း ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

နိုင်ဝင်း(ပြန်/ဆက်)