ပွင့်ဖြူမြို့နယ်အတွင်း ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံသတိပေးနှိုးဆော်

ပွင့်ဖြူ မတ် ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရေန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ် ၄ ရက်၊ ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး မီးဘေးကြိုတင် ကာကွယ်ရေး ဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို တာဝန်ခံ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဟန်ဇာကျော် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာနှင့် ရှောက်တောကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများ ပွင့်လင်းရာသီ ကာလ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေး ကြိုတင်ကာကွယ်ရေးပစ္စည်းများ စီစဉ် ဆောင်ရွက်ထားရှိရေး၊ မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင်ထားခြင်းမပြုရန်၊ နေအိမ်တွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန် ခြင်း ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်း မီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီ တောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် ကျေးရွာတွင်း လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )